ညောင်ရမ်းခေတ်သည် မြန်မာနိုင်ငံအတွက် လေးခုမြောက် ပဒေသရာဇ်ခေတ် ဖြစ်သည်။ တပင်ရွှေထီး၊ဘုရင့်နောင်တို့ ထူထောင်သည့် တောင်ငူ-ဟံသာဝတီခေတ် ပြိုလဲအပြီးတွင် တစ်နယ်တစ်မင်း စစ်ပြိုင်ပြုနေကြသည့် ပဒေသရာဇ်များကြားမှ ညောင်ရမ်းစား ရှင်သစ္စာနှင့် သားများက အင်အားကြီးမားလာကာ ညောင်ရမ်းမင်းဆက်ကို တည်ထောင်ကြခြင်းဖြင့် ညောင်ရမ်းခေတ် ဟူ၍ပေါ်ပေါက်လာသည်။ ညောင်ရမ်းမင်းဆက်မှ ဘုရင်များသည် အင်းဝကိုနန်းစိုက်ရာ မြို့တော်အဖြစ် အသုံးပြုခဲ့ကြသဖြင့် ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ကြသေးသည်။ ညောင်ရမ်းခေတ်မှာ ထူးခြားစွာပင် စာဆိုတော်များ၊ ပညာရှိများ ပေါ်ထွန်းလာသည့်အတွက် မြန်မာ့ယဉ်ကျေးမှုတိုးတက်ရေးတွင် အရေးပါသည့် ခေတ်ကာလအဖြစ် သတ်မှတ်ကြသည်။ ညောင်ရမ်းခေတ်တွင် ကြုံတွေ့ခဲ့ရသည့် အဓိကပြဿနာမှာ ရာသီဥတု နှင့် နောက်ပိုင်းကာလ နန်းတွင်းအရှုပ်တော်ပုံများ ဖြစ်သည်ဟု သမိုင်းပညာရှင်များက သုံးသပ်ကြသည်။
Comments
Post a Comment